အမြင်အာရုံဆုံးရှုံးစေတဲ့ အဓိကအကြောင်းရင်းများ
ခန္ဓာကိုယ်မှာ မျက်စိဟာ အနူးညံ့ဆုံးနဲ့ အရေးအပါဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ အမြင်အာရုံ ဆုံးရှုံးသွားတာဟာ ကိုယ့်ရဲ့ လောကကြီးရော၊ ဘဝကြီးရော ရုတ်တရက် အမှောင်ကျသွားသလို ဖြစ်ပြီး စီးပွားရေး၊ လူမှုရေးနဲ့ နေထိုင်ရေးတွေမှာ အခက်အခဲ ဖြစ်စေပါတယ်။
ကမ္ဘာပေါ်မှာ အမြင်အာရုံ ချို့ယွင်းနေတဲ့သူပေါင်း ၂.၂ ဘီရီယံခန့် ရှိပြီး ထိုထဲက တစ်ဝက်ခန့်ဟာ အမြင်အာရုံမဆုံးရှုံးအောင် ကာကွယ်လို့ရတဲ့သူတွေ ဖြစ်ပါတယ်။ မကာကွယ်မိလို့၊ အချိန်မီကုသမှု မခံယူမိလို့သာ အမြင်အာရုံ ဆုံးရှုံးကြရတာ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ အမြင်အာရုံ ဆုံးရှုံးစေတဲ့ အဓိက အကြောင်းတွေထဲမှာ အောက်ပါရောဂါတွေ ပါဝင်ပါတယ်။
မြင်လွှာရောင်ခြယ် ပျက်စီးခြင်း (Age-related Macular Degeneration)
မြင်လွှာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ Macula (မြင်လွှာရောင်ခြယ်) ဟာ အလယ်ဗဟို မြင်ကွင်းအတွက် အဓိက လုပ်ဆောင်ပြီး အရောင်တွေနဲ့ ပုံသဏ္ဍာန်တွေကို ရှင်းလင်းပြတ်သားစွာ မြင်ရဖို့ တာဝန်ယူပါတယ်။ မြင်လွှာရောင်ခြယ်ပျက်စီးတာက အမြင်အာရုံ ဆုံးရှုံးစေတဲ့ နံပါတ်တစ် အကြောင်းရင်း ဖြစ်ပြီး အသက် ၅၀ ကျော်သူ၊ ဆေးလိပ်သောက်သူ၊ အဝလွန်သူ၊ အဆီအစိမ့်တွေ အစားများသူ၊ သွေးပေါင်တက်တတ်သူတွေမှာ အဖြစ်များပါတယ်။
အတွင်းတိမ် (Cataract)
အတွင်းတိမ်ဆိုတာ မျက်စိရဲ့ မှန်ဘီလူး (Lens) မှာ တိမ်ကျသလို ဖြစ်ပြီး ကြည့်လိုက်တိုင်း နှင်းကျနေသလို၊ မြူတွေဆိုင်းနေသလို မြင်ရတာ၊ အရာဝတ္တုတွေရဲ့ ဘေးဘက်မှာ ကွင်းပုံစံ အရိပ်တွေ မြင်ရတာ၊ နေရောင်နဲ့ အလင်းရောင်ကို ကြည့်ရင် စူးပြီး မျက်ရည်တွေ ကျလာတာတွေ ဖြစ်တတ်ပါတယ်။ အသက်ကြီးလို့ ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရလို့ဖြစ်စေ အတွင်းတိမ် ဖြစ်တတ်ပါတယ်။ အချိန်မီ ခွဲစိတ်ကုသမှု မခံယူရင် အမြင်အာရုံ ဆုံးရှုံးစေပါတယ်။
ဆီးချိုကြောင့် မြင်လွှာပျက်စီးခြင်း (Diabetic Retinopathy)
ဆီးချိုရောဂါ ရှိတဲ့သူမှာ သွေးတွင်းသကြားဓာတ်ကို မထိန်းနိုင်လို့ မြင်လွှာ (Retina) ကို ထိခိုက်တာပါ။ မြင်ကွင်းထဲမှာ မျောနေတဲ့ အရိပ်တွေ (Floaters) မြင်တာ၊ အမြင်ဝါးတာ၊ မြင်ကွင်းထဲမှာ အမဲရောင် အရိပ်တွေ မြင်နေတာနဲ့ အမြင်အာရုံ ဆုံးရှူံးသွားတာတွေ ဖြစ်နိုင်ပါတယ်။ ပျောက်ကင်းအောင် ကုသလို့ မရပေမယ့် ရောဂါပိုဆိုးမလာအောင် အချိန်မီ တားဆီးရင်တော့ ရပါတယ်။
ရေတိမ် (Glaucoma)
ရေတိမ်ဆိုတာက မျက်စိနဲ့ ဦးနှောက်ကို ဆက်သွယ်ထားတဲ့ အာရုံကြော (Optic Nerve) ထိခိုက်မိလို့ ဖြစ်တာပါ။ မျက်စိထဲမှာ ပုံမှန်မဟုတ်ဘဲ အရည်တွေစုလာပြီး မျက်စိတွင်းဖိအား များတဲ့အတွက် ရေတိမ်ဖြစ်လာပါတယ်။ လက္ခဏာတွေ အနေနဲ့ ခေါင်းကိုက်တာ၊ မျက်စိနာတာ၊ နီရဲနေတာ၊ အမြင်ဝါးတာ၊ အရာဝတ္တုတွေဘေးမှာ ကွင်းတွေ၊ လှိုဏ်ခေါင်းပုံစံတွေ မြင်နေတာ၊ အလယ်ဗဟို မြင်ကွင်းမှာ အကွက်တွေ မြင်နေတာ ဖြစ်တတ်ပါတယ်။ ကုသမှုအနေနဲ့ မျက်စဥ်းခပ်တာ၊ ခွဲစိတ်တာနဲ့ လေဆာကုသမှုတွေ လုပ်နိုင်ပြီး အချိန်မီ ကုသရင် ရောဂါပိုမဆိုးအောင် တားနိုင်ပါတယ်။
အလင်းယိုင်ခြင်းကြောင့် ဖြစ်သော အနီးမှုန်၊ အဝေးမှုန်ခြင်းကို မကုသခြင်း (Uncorrected Refractive Errors)
အနီးမှုန်၊ အဝေးမှုန် ရှိနေတာကို မျက်စိဆရာဝန်နဲ့ ပြသပြီး သင့်တော်တဲ့ မျက်မှန်၊ မျက်ကပ်မှန် တပ်တာမျိုး မလုပ်တဲ့သူတွေမှာ တဖြည်းဖြည်း ပိုဆိုးလာပြီး အမြင်အာရုံ ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်လို့ ကြည့်ရတာ အဆင်မပြေရင် မျက်စိဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူဖို့ အရေးကြီးပါတယ်။
အခုပြောပြခဲ့တာတွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းများအရ အမြင်အာရုံ ဆုံးရှုံးမှု ဖြစ်စေတဲ့ အဓိက အကြောင်းတွေပါ။ ဒီအကြောင်းရင်းတွေ အပြင် ထိခိုက်ဒဏ်ရာ ရတာမျိုးကြောင့်လည်း အမြင်အာရုံ ဆုံးရှုံးနိုင်ပါသေးတယ်။ ဘာအကြောင်းကြောင့်မှ အမြင်အာရုံ မဆုံးရှုံးဖို့ အရေးကြီးတာမို့ ကြည့်ရတာ တစ်ခုခု အဆင်မပြေဖြစ်ရင် အမြန်ဆုံး စစ်ဆေးပြီး အချိန်မီ ကုသမှု ခံယူဖို့ အကြံပေးလိုက်ပါတယ်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်